သံယုတ္တနိကာယ်—၃၅

၃—သဗ္ဗဝဂ်

၃—အဘိညာပရိညာပဟာနသုတ်

၂၅။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ သင်တို့အား တရားကို ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါဟောမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အဆင်းတို့ကို အထူးသိ၍ ပိုင်းခြား သိ၍ ပယ်ရမည်၊ စက္ခုဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အရသာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ကိုယ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စိတ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ သဘောတရားတို့ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။

ရဟန်းတို့ ဤသည်လျှင် အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ ဟောပြအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။