သံယုတ္တနိကာယ်—၃၅

၃—သဗ္ဗဝဂ်

၇—အဒ္ဓဘူတသုတ်

၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရ၏။ ရဟန်းတို့ အဘယ်အလုံးစုံသည် အနှိပ်စက်ခံရသနည်း။

ရဟန်းတို့ မျက်စိသည် အနှိပ်စက်ခံရ၏၊ အဆင်းတို့သည် အနှိပ်စက်ခံရကုန်၏၊ စက္ခုဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။ပ။

လျှာသည် အနှိပ်စက်ခံရ၏၊ အရသာတို့သည် အနှိပ်စက်ခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အနှိပ်စက်ခံ ရ၏၊ ဇိဝှါသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှုအိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟုငါ ဆို၏။ကိုယ်သည် အနှိပ်စက်ခံရ၏။ပ။

စိတ်သည် အနှိပ်စက်ခံရ၏၊ သဘောတရားတို့သည် အနှိပ်စက်ခံရကုန်၏၊ မနောဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ် သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိ တော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။