သံယုတ္တနိကာယ်—၃၅
၃—သဗ္ဗဝဂ်
၈—သမုဂ္ဃါတသာရုပ္ပသုတ်
၃ဝ။ ရဟန်းတို့ သင်တို့အား အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ကို ဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော ထိုအကျင့်သည် အဘယ်နည်း။
ရဟန်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား၊ အဆင်းတို့၌ အထင်မမှား၊ အဆင်းတို့မှ အထင်မမှား၊ ငါ၏ အဆင်းတို့ဟု အထင်မမှား။ စက္ခုဝိညာဏ်ကို အထင်မမှား၊ စက္ခုဝိညာဏ်၌ အထင်မမှား၊ စက္ခုဝိညာဏ်မှ အထင်မမှား၊ ငါ၏ စက္ခုဝိညာဏ်ဟု အထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား၊ စက္ခုသမ္ဖဿ၌ အထင်မမှား၊ စက္ခုသမ္ဖဿမှ အထင်မမှား၊ ငါ၏စက္ခုသမ္ဖဿဟု အထင် မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင် မမှား။ပ။
လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား၊ အရသာတို့၌ အထင်မမှား၊ အရသာတို့မှ အထင်မမှား၊ ငါ၏ အရသာတို့ဟုအထင်မမှား။ ဇိဝှါဝိညာဏ်ကို အထင်မမှား၊ ဇိဝှါဝိညာဏ်၌ အထင်မမှား၊ ဇိဝှါဝိညာဏ်မှ အထင်မမှား၊ ငါ၏ ဇိဝှါဝိညာဏ်ဟု အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား၊ ဇိဝှါသမ္ဖဿ၌ အထင်မမှား၊ ဇိဝှါသမ္ဖဿ မှ အထင်မမှား၊ ငါ၏ ဇိဝှါသမ္ဖဿဟု အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင်မမှား။ပ။
စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။ သဘောတရားတို့ကို အထင်မမှား၊ သဘောတရားတို့၌ အထင်မမှား၊ သဘောတရားတို့မှ အထင်မမှား၊ ငါ၏ သဘောတရားတို့ဟု အထင်မမှား။ မနောဝိညာဏ်ကို အထင်မမှား၊ မနောဝိညာဏ်၌ အထင်မမှား၊ မနောဝိညာဏ်မှ အထင်မမှား၊ ငါ၏ မနောဝိညာဏ်ဟု အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား၊ မနောသမ္ဖဿ၌ အထင်မမှား၊ မနောသမ္ဖဿမှ အထင်မမှား၊ ငါ၏ မနောသမ္ဖဿဟု အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုအထင်မမှား။ အလုံးစုံကို အထင်မမှား၊ အလုံးစုံ၌ အထင်မမှား၊ အလုံးစုံမှ အထင်မမှား၊ ငါ၏အလုံးစုံးဟု အထင်မမှား။
ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။