သံယုတ္တနိကာယ်—၃၅
၃—သဗ္ဗဝဂ်
၁ဝ—ဒုတိယ သမုဂ္ဃါတသပ္ပါယသုတ်
၃၂။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘော ရှိသော ခံစားမှုကို “ ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။
လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ့ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ခံစားမှုကို “ ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါအသျှင်ဘုရား။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။
စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု ပိုင်းခြား၍ သိ၏။
ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက် သဗ္ဗဝဂ် ပြီး၏။