သံယုတ္တနိကာယ်—၃၅
၃—သဗ္ဗဝဂ်
၉—ပဌမ သမုဂ္ဃါတသပ္ပါယသုတ်
၃၁။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား။ပ။ စက္ခုဝိညာဏ်ကိုအထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်းအထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။
ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။
လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား။ပ။ ဇိဝှါဝိညာဏ်ကို အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။
ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။
စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။
သဘောတရားတို့ကို အထင်မမှား။ပ။ မနောဝိညာဏ်ကို အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။
ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။
ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှား၊ ငါ၏ ခန္ဓာ ဓာတ် အာယတနဟုလည်း အထင်မမှား။ ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှမစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ကိလေသာမှ ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ)) အလိုငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု ပိုင်းခြား၍ သိ၏။
ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။