သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၂—ဒုတိယ မိဂဇာလသုတ်

၆၄။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား တောင်းပန်ပါ၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားတော်ကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာ ဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်းဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့ မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ “ဟု (လျှောက်၏)။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။

မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟုငါ ဆို၏။ပ။

မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက် အသျှင်မိဂဇာလသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည်ရှိသော် မကြာမီပင် လူ့ဘောင်မှရဟန်းဘောင် သို့ ဝင်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမဲ့ ဖြစ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ရောက် လျက် နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ့ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိလေ၏၊ အသျှင်မိဂဇာလသည် ရဟန္တာ တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။