သံယုတ္တနိကာယ်—၃၅
(၇) ၂—မိဂဇာလဝဂ်
၁—ပဌမ မိဂဇာလသုတ်
၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရားတစ်ယောက် တည်း နေသူ တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏၊ အဘယ်သို့ နေခြင်းဖြင့်တစ်ယောက်တည်း နေသူ ဖြစ်နိုင်ပါသနည်း၊ အဘယ်သို့ နေခြင်းဖြင့်ကား အဖော်နှင့် အတူနေသူဖြစ်ပါသနည်းဟု (လျှောက်၏)။
မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဉ် ‘နှောင်ဖွဲ့’မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု သံယောဇဉ်ကြိုး အချည်ခံရသော ရဟန်းကို “အဖေါ်နှင့် အတူနေသူ”ဟုဆို အပ်၏။ပ။
မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သောစွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဉ် ‘နှောင်ဖွဲ့’ မှု ဖြစ်၏၊ မိဂဇာလနှစ်သက်မှု သံယောဇဉ်ကြိုး အချည်ခံရသော ရဟန်းကို “အဖော်နှင့် အတူနေသူ”ဟု ဆိုအပ်၏။
မိဂဇာလ ဤသို့ နေသော ရဟန်းသည် လူသံမရှိကုန်သော ကျယ်လောင်သော အသံမရှိကုန်သောလူနံ့မရှိကုန်သော လူတို့ လျို့ဝှက်မှုကို ပြုရန်ထိုက်ကုန်သော ကိန်းအောင်းခြင်းငှါ လျောက်ပတ်ကုန်သောအလွန်ဝေးကုန်သော တော, တောအုပ်ဖြစ်ကုန်သော ကျောင်းတို့ကို အကယ်၍ မှီဝဲနေစေကာမူ ထိုရဟန်းကို “အဖော်နှင့် အတူနေသူ”ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည်ထို ရဟန်း၏ အဖော်မည်၏။ ထိုအဖော်တဏှာကို ထိုရဟန်းသည် မပယ်အပ်သေး၊ ထို့ကြောင့်”အဖော်နှင့် အတူနေသူ”ဟု ဆိုအပ်၏။
မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှုသည် ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာတပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာတပ်မက်မှု မရှိသော် စပ်ယှဉ် ‘နှောင်ဖွဲ့’မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှု သံယောဇဉ်ကြိုး အချည်မခံရသောရဟန်းကို “တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏။ပ။
မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို မနှစ်သက် မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု့ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာ တပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာ တပ်မက်မှု မရှိသော် စပ်ယှဉ်’နှောင်ဖွဲ့’မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှုသံယောဇဉ်ကြိုး အချည်မခံရသော ရဟန်းကို”တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏။
မိဂဇာလ ဤသို့ နေသော ရဟန်းသည် ရဟန်းယောကျာ်း, ရဟန်းမိန်းမ, ဥပါသကာယောကျာ်း,ဥပါသိကာမိန်းမ, မင်း, မင်းအမတ်ကြီး, တိတ္ထိ, တိတ္ထိတပည့်တို့နှင့် ရောကာ ရွာနီးကျောင်း၌ အကယ်၍ နေစေကာမူ “တစ်ယောက်တည်း နေသူ”ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည် ထိုရဟန်း၏ အဖော်မည်၏၊ ထိုအဖော်တဏှာကို ထိုရဟန်းသည် ပယ်အပ်၏၊ ထို့ကြောင့်”တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။