သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၃—ပဌမ သမိဒ္ဓိမာရပဥှာသုတ်

၆၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရားထံသို့။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား “မာရ် မာရ်”ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရားအဘယ် မျှလောက်ဖြင့် မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းဖြစ်ပါသ နည်းဟု ( ဤစကားကို လျှောက်၏)။

သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နား ရှိရာအသံတို့ ရှိရာ သောတဝိညာဏ်ရှိရာ သောတဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နှာခေါင်းရှိရာ အနံ့တို့ ရှိရာ ဃာနဝိညာဏ်ရှိရာ ဃာနဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ အရသာတို့ ရှိရာ ဇိဝှါဝိညာဏ်ရှိရာ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ကိုယ်ရှိရာ အတွေ့အထိတို့ ရှိရာကာယဝိညာဏ်ရှိရာ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ် အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနော ဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။

သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းမရှိ။ နား မရှိရာ။ပ။ နှာခေါင်း မရှိရာ။ပ။ လျှာ မရှိရာ။ပ။ အရသာတို့ မရှိရာ။ ဇိဝှါဝိညာဏ် မရှိရာ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိနိုင်။ကိုယ် မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။

တတိယသုတ်။