သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၃—သံခိတ္တဓမ္မသုတ်

၈၆။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏— “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့်တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကိုနာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ “ဟု လျှောက်၏။

အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါ အသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစား မှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ပ။

လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ အရသာသည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။

အာနန္ဒာ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာ မှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟုသိ၏ဟု (မိန့် တော်မူ၏)။

တတိယသုတ်။