သံယုတ္တနိကာယ်—၃၅
(၉) ၄—ဆန္နဝဂ်
၂—သုညတလောကသုတ်
၈၅။ ထိုအခါ အသျှင်အာနန္ဒာသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင် ဘုရား့”လောကသည် (ဆိတ်) သုဉ်း၏၊ လောကသည် (ဆိတ်) သုဉ်း၏ “ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်မျှလောက်သော အကြောင်းဖြင့် “လောကသည် (ဆိတ်) သုဉ်း၏ “ဟု ဆိုအပ်ပါသနည်း။ အာနန္ဒာငါမှလည်းကောင်း၁ ငါ့ဥစ္စာမှလည်းကောင်း၂ (ဆိတ်) သုဉ်းသောကြောင့် “လောကသည် (ဆိတ်) သုဉ်း၏”ဟု ဆိုအပ်၏။
အာနန္ဒာ အဘယ်အရာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းသနည်း။ အာနန္ဒာမျက်စိသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ အဆင်းတို့သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းကုန်၏။ စက္ခုဝိညာဏ်သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ စက္ခုသမ္ဖဿသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်း၏။
အာနန္ဒာ ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဉ်းသောကြောင့် “လောကသည် (ဆိတ်) သုဉ်း၏ “ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၁။ အတ္တမှလည်းကောင်း၊
၂။ (အတ္တ၏ ဥစ္စာ) အတ္တနိယမှလည်းကောင်း။