သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၉—အဇ္ဈတ္တာနတ္တာတီတာနာဂတသုတ်

၉။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်မျက်စိ၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော မျက်စိ၌လည်း ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သောမျက်စိကိုလည်း မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော လျှာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်လျှာ၏ကိုယ် ‘အတ္တ’မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်စိတ်၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။