သံယုတ္တနိကာယ်—၃၅
(၁ဝ) ၅—သဠဝဂ်
၄—ပမာဒဝိဟာရီသုတ်
၉၇။ ရဟန်းတို့ မေ့မေ့လျော့လျော့ နေတတ်သူကိုလည်းကောင်း၊ မမေ့မလျော့ နေတတ်သူကိုလည်း့ကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ အဘယ်သို့လျှင် မေ့မေ့လျော့လျော့ နေတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ စက္ခုန္ဒြေကိုမပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စိုစွတ်လျက်၁ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု မဖြစ်နိုင်၊ ဝမ်းမြောက်မှု မရှိသော်နှစ်သက်မှု မဖြစ်နိုင်၊ နှစ်သက်မှု မရှိသော် ငြိမ်းချမ်းမှု မဖြစ်နိုင်၊ ငြိမ်းချမ်းမှု မရှိသော် ဆင်းရဲ၏၊ ဆင်းရဲသော သူ၏ စိတ်သည် မတည်ငြိမ်၊ စိတ် မတည်ငြိမ်သော် တရားတို့သည် ထင်စွာမဖြစ်ပေါ်နိုင်ကြ ကုန်၊ တရားတို့ ထင်စွာ မဖြစ်ပေါ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာရေတွက်ခြင်းသို့ ရောက်၏။ပ။
ရဟန်းတို့ ဇိဝှိန္ဒြေကို မပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ စိုစွတ်လျက် ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား။ပ။ မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ မနိန္ဒြေကို မပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စိုစွတ်လျက် ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု မဖြစ်နိုင်၊ ဝမ်းမြာက်မှု မရှိသော် နှစ်သက်မှု မဖြစ်နိုင်၊ နှစ်သက်မှု မရှိသော် ငြိမ်းချမ်းမှု မဖြစ်နိုင်၊ ငြိမ်းချမ်းမှု မရှိသော် ဆင်းရဲ၏၊ ဆင်းရဲသော သူ၏စိတ်သည် မတည်ငြိမ်၊ စိတ် မတည်ငြိမ်သော် တရားတို့သည် ထင်စွာ မဖြစ်ပေါ်နိုင်ကုန်၊ တရားတို့ထင်စွာ မဖြစ်ပေါ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤသို့လျှင် မေ့မေ့လျော့လျော့ နေတတ်သူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် မမေ့မလျော့ နေတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ စက္ခုန္ဒြေကို ပိတ်ဆို့သည်ဖြစ်၍ နေသော သူ၏ စိတ်သည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စိုစွတ် လျက် မဖြစ်၊ ထိုစိုစွတ်လျက် မဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု ဖြစ်၏၊ ဝမ်းမြောက်မှုရှိသော သူ အားနှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသောသူ၏ကိုယ်သည် ငြိမ်းချမ်း၏၊ကိုယ်ငြိမ်းချမ်းသော သူသည်ချမ်းသာစွာ နေရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ စိတ် တည်ငြိမ်သော် တရားတို့သည်ထင်စွာဖြစ်ပေါ်ကုန်၏၊ တရားတို့ ထင်စွာဖြစ်ပေါ်ခြင်းကြောင့် မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ပ။
ရဟန်းတို့ ဇိဝှိန္ဒြေကို ပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ စိုစွတ်လျက် မဖြစ်။ပ။ မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ရောက်၏။
ရဟန်းတို့ မနိန္ဒြေကို ပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စိုစွတ်လျက် မဖြစ်၊ ထိုစိုစွတ်လျက် မဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု ဖြစ်၏၊ ဝမ်းမြောက်မှုရှိသော သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှုရှိသော သူ၏ကိုယ်သည် ငြိမ်းချမ်း၏၊ကိုယ်ငြိမ်းချမ်းသော သူသည် ချမ်းသာစွာ နေရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ စိတ် တည်ငြိမ်သော် တရားတို့သည် ထင်စွာဖြစ်ပေါ်ကုန်၏၊ တရားတို့ ထင်စွာဖြစ်ပေါ်ခြင်းကြောင့် မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် မမေ့မလျော့နေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၁။ (ကိလေသာဖြင့်) စိုစွတ်လျက်