သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၅—သံဝရသုတ်

၉၈။ ရဟန်းတို့ စောင့်စည်းမှုကိုလည်းကောင်း၊ မစောင့်စည်းမှုကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ အဘယ်သို့လျှင် မစောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ် ကုန်စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟော တော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။

ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သောစွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကိုရဟန်းသည် “ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် မစောင့်စည်းမှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် စောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ် ကုန်စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားတို့ကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့် သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် စောင့်စည်းမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။