သံယုတ္တနိကာယ်—၃၇
၃—ဗလဝဂ်
၁ဝ—ဝဎ္ဍီသုတ်
၃၁၃။ ရဟန်းတို့ ကြီးပွားမှုငါးမျိုးတို့ဖြင့် ကြီးပွားလျက်ရှိသော အရိယာတပည့်မသည် အရိယာ၏ကြီးပွားမှုတို့ဖြင့် ကြီးပွား၏၊ ကိုယ်၏ အနှစ်ကို ယူလေ့ရှိသူလည်း ဖြစ်၏၊ အမြတ်ကို ယူလေ့ရှိသူလည်းဖြစ်၏။ အဘယ်ငါးမျိုးတို့နည်း—ိံယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် ကြီးပွား၏၊ သီလဖြင့် ကြီးပွား၏၊ အကြားအမြင် ‘သုတ’ ဖြင့် ကြီးပွား၏၊ စွန့်ကြဲခြင်း ‘စာဂ’ ဖြင့် ကြီးပွား၏၊ ပညာဖြင့် ကြီးပွား၏။
ရဟန်းတို့ ဤကြီးပွားမှု ငါးမျိုးတို့ဖြင့် ကြီးပွားလျက်ရှိသော အရိယာတပည့်မသည် အရိယာ၏ကြီးပွားမှုတို့ဖြင့် ကြီးပွား၏၊ ကိုယ်၏ အနှစ်ကို ယူလေ့ရှိသူလည်း ဖြစ်၏၊ အမြတ်ကို ယူလေ့ရှိသူလည်းဖြစ်၏ဟု မိန့်တော်မူ၏။
ဤလောက၌ ယုံကြည်မှု ‘သဒ္ဓါ’ ဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ပညာ ဖြင့်လည်းကောင်း၊ စွန့်ကြဲခြင်း ‘စာဂ’ ဖြင့်လည်းကောင်း၊ အကြားအမြင် ‘သုတ’ ဖြင့်လည်းကောင်း ကြီးပွား၏။ ထိုသို့သောသီလရှိသော ထိုဥပါသိကာမသည် ဤဘဝ ၌ ပင်လျှင် မိမိ၏ နှစ်ပါးသော အနှစ်သာရကို ယူ၏။
ဒသမသုတ်။
သုံးခုမြောက် ဗလဝဂ် ပြီး၏။
မာတုဂါမသံယုတ် ပြီး၏။