သံယုတ္တနိကာယ်—၃၈

၁—နိဗ္ဗာနပဥှာသုတ်

၃၁၄။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌ (သီတင်းသုံး) နေ၏၊ ထိုအခါ ဇမ္ဗုခါဒကပရိဗိုဇ်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား— ငါ့သျှင် သာရိပုတြာ “နိဗ္ဗာန် နိဗ္ဗာန်”ဟု ဆိုအပ်၏၊ ငါ့သျှင် အဘယ်သည် နိဗ္ဗာန်နည်းဟု ဤစကားကိုလျှောက်၏။

ငါ့သျှင် ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာကို “နိဗ္ဗာန်”ဟု ဆိုအပ်၏။ ငါ့သျှင် ဤနိဗ္ဗာန်ကိုမျက်မှောက်ပြုရန် လမ်းသည် ရှိ၏လော၊ အကျင့်သည် ရှိ၏လောဟု မေး၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက့်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန်လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုရန် (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း—ိံမှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော ပြောဆိုခြင်း’သမ္မာဝါစာ’၊ မှန်ကန်သော ပြုလုပ်ခြင်း’သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးခြင်း’သမ္မာအာဇီဝ’၊ မှန်ကန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်ကန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ တည်း။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရန်လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါသင့်သည်သာတည်းဟု (ပြောဆို၏)။

ပဌမသုတ်။