သံယုတ္တနိကာယ်—၃၈
၁၃—ဘဝပဥှာသုတ်
၃၂၆။ ငါ့သျှင် သာရိပုတြာ “ဘဝ ဘဝ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဘဝဟူသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဘဝတို့သည် ဤသုံးပါးတို့တည်း။ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဘဝတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။
ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါး ရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန် ကန်သောတည်ကြည်ခြင်း’သမ္မာသမာဓိ’တို့တည်း။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဘဝတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။
တေရသမသုတ်။