သံယုတ္တနိကာယ်—၃၈

၁၄—ဒုက္ခပဥှာသုတ်

၃၂၇။ ငါ့သျှင် သာရိပုတြာ “ဒုက္ခ ဒုက္ခ္ခ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဒုက္ခဟူသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဒုက္ခသဘောတို့သည် ဤသုံးပါးတို့တည်း။ ဒုက္ခဒုက္ခ္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ္ခတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဒုက္ခသဘောတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကိုပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း’သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဒုက္ခသဘောတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင်သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

စုဒ္ဒသမသုတ်။