သံယုတ္တနိကာယ်—၄၃
၂—ဒုတိယဝဂ်
၁—အသင်္ခတသုတ်
၃၇၇။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော’အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟု ဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ သမထပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟုဆိုရ၏။
ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အတွက် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို ဟောအပ် ပေပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ။ ရဟန်းတို့ တပည့်တို့၏ စီးပွါးကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း၊ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့မဖြစ်ကြကုန်လင့်။ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်း။ (၁)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’တရား သို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ ‘ တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟု ဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဝိပဿနာပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အတွက် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုဟော အပ်ပေပြီ။ပ။ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်း။ (၂)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’နှင့် တကွသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင့်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ကြံစည်မှု ‘ဝိတက်’ မရှိ, သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်း လမ်းဟူသည် အဘယ်နည်း၊ ကြံစည်မှု ‘ဝိတက်’မရှိ, သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု’သမာဓိ’ ပင်တည်း။ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၃—၅)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ အတ္တမှ ဆိတ်သော တည်ကြည်မှု ‘သုညတသမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော’အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော’အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ နိစ္စနိမိတ်မရှိသော တည်ကြည်မှု ‘အနိမိတ္တသမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်း တို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရာဂဟူသော တောင့်တမှုမရှိသောတည်ကြည်မှု ‘အပ္ပဏိဟိတသမာဓိ’ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော’အသင်္ခတ’ တရားသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၆—၈)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း ‘ကာယ’၌ ရုပ်အပေါင်း ‘ကာယ’ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မပြု ပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသ င်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရား သို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက် ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ် သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟုဆိုရ၏။ပ။ (၉—၁၂)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ မဖြစ်ရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ပျောက်ရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ့်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန်မပျောက်ပျားရန် လွန်စွာဖြစ်ပွားရန် ပြန့်ပြောရန် တိုးပွားရန် ပြည့်စုံရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော’အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၁၃—၁၆)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ’ကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း’ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်လုံ့လကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း ‘ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ ကိုပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော’အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စိတ်ကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း ‘ဝီရိယ’ နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ စူးစမ်းမှုပညာကြောင့် ဖြစ်သော သမာဓိ, အားထုတ်ခြင်း’ဝီရိယ’နှင့် ပြည့်စုံသော တန်ခိုး၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၁၇—၂ဝ)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော။ပ။ ဝီရိယိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သတိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သမာဓိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသောရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညိန္ဒြေကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၂၁—၂၅)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော။ပ။ သဒ္ဓါဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဝီရိယဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သတိဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ သမာဓိဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော’အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကိုမပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၂၆—၃ဝ)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော။ပ။ သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည်အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝိရီယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ (၃၁—၃၇)
ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’ ကို ပွါးများ၏။ပ။ မှန်ကန်သော စကား ‘သမ္မာဝါစာ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ကို ပွါးများ၏။ပ။ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ ကို ပွါးများ၏။ပ။ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ကို ပွါးများ၏။ပ။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန် လော့။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မပြုပြင်အပ် သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှုကို မှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသ င်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။
ရဟန်းတို့ ဤသို့လျှင် ငါသည် မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို သင်တို့အား ဟောအပ်ပေပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ။ ရဟန်းတို့ တပည့်တို့၏စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း၊ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။ (၃၈—၄၅)
ပဌမသုတ်။