သံယုတ္တနိကာယ်—၄၃
၂—ဒုတိယဝဂ်
၃၃—ပရာယနသုတ်
၄ဝ၉။ ရဟန်းတို့ လဲလျောင်းရာကိုလည်းကောင်း၊ လဲလျောင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ လဲလျောင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ကို လဲလျောင်းရာဟု ဆိုရ၏။
ရဟန်းတို့ လဲလျောင်းရာသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရုပ်အပေါင်းကာယ၌ ရုပ်အပေါင်းကာယဟု အောက်မေ့ဆင်ခြင်မှု ‘ကာယဂတာသတိ ‘ ပင်တည်း။ ဤသည်ကို လဲလျောင်းရာသို့ရောက်ကြောင်းလမ်းဟု ဆိုရ၏။
ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အား လဲလျောင်းရာကို ဟောအပ်ပေပြီ၊ လဲလျောင်းရာသို့ရောက်ကြောင်းလမ်းကို ဟောအပ်ပေပြီ၊ ရဟန်းတို့ တပည့်တို့၏ စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါ ပြုခဲ့ပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာကျောင်းတို့တည်း။ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့မလျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့ မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။ [အသင်္ခတဝဂ်၌ကဲ့သို့ ချဲ့အပ်၏]။
တေတ္တိံသတိမသုတ်။
ဒုတိယဝဂ် ပြီး၏။
အသင်္ခတသံယုတ် ပြီး၏။