သံယုတ္တနိကာယ်—၄၄
၁—ခေမာသုတ်
၄၁ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ခေမာမည်သော ရဟန်းမသည် ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်သည်ရှိသော် သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏအရပ်၌ နေ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ အသွား သာကေတမြို့နှင့် သာဝတ္ထိပြည်အကြား တောရဏအရပ်၌ တစ်ညဉ့်မျှ နေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မင်းချင်းတစ်ယောက်ကို “အချင်း ယောကျာ်း လာလော့၊ သင်သည် တောရဏအရပ်၌ ယနေ့ ငါ ဆည်းကပ်သင့်သောသဘောရှိသော သမဏကိုဖြစ်စေ၊ ဗြာဟ္မဏကိုဖြစ်စေ သိအောင် စုံစမ်းလော့”ဟု မိန့်ဆို၏။
ထိုယောကျာ်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု ပသေနဒီကောသလမင်းအား ဝန်ခံ၍ တောရဏအရပ်အားလုံးသို့ လှည့်လည်သော်လည်း ပသေနဒီကောသလမင်း ဆည်းကပ်သင့်သော သဘောရှိသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း မတွေ့မမြင်ရ။ ထိုယောကျာ်းသည် ခေမာမည်သော ရဟန်းမကို တောရဏအရပ်၌ နေသည်ကို မြင်၍ ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်ပြီးလျှင်—“မင်းမြတ် တောရဏအရပ်၌ မင်းမြတ် ဆည်းကပ်သင့်သော သဘောရှိသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း မရှိပါ။ သို့ရာတွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်သော ထိုမြတ်စွာဘုရား၏ တပည့် ခေမာမည်သော ရဟန်းမသည် ရှိပါ၏၊ ‘ပညာရှိ၏၊ လိမ္မာ၏၊ အကြားအမြင် များ၏၊ ဆန်းကြယ်သော စကားရှိ၏၊ ကောင်းသောထိုးထွင်းဉာဏ်ရှိ၏’ဟု ဤသို့ ထိုအရှင်မ၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်ပါ၏၊ မင်းမြတ်သည် ထိုအရှင်မကို ဆည်းကပ်တော်မူပါလော့”ဟု လျှောက်၏။
ထိုအခါ ပသေနဒီကောသလမင်းသည် ရဟန်းမ ခေမာထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် “အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလော”ဟု လျှောက်၏၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မသတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။
အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။
အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ်”သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟုဆို၏။ အရှင်မ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်ပါသလောဟု ဤသို့မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အရှင်မ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ပါသလောဟု ဤသို့ မေးလျှင် မင်းမြတ်”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အရှင်မ ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
မင်းမြတ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုသာ ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေပါလော့။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဂင်္ဂါမြစ်၌ “သဲများ ဤမျှလောက် ရှိ၏ “ဟူ၍လည်းကောင်း၊ “သဲရာပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲထောင်ပေါင်း ဤမျှလောက်ရှိ၏”ဟူ၍လည်းကောင်း၊ “သဲသိန်းပေါင်း ဤမျှလောက် ရှိ၏ “ဟူ၍လည်းကောင်း သဲများကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်မှာ ရှိသလော။ အရှင်မ မရှိပါ။ မဟာသမုဒ္ဒရာ၌ “ရေတို့သည် ဤမျှလောက် ကွန်းစားပမာဏရှိ၏ “ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအရာပမာဏရှိ၏ “ ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအထောင်ပမာဏရှိ၏ “ဟူ၍လည်းကောင်း၊ “ရေတို့သည် ဤမျှလောက် ကွန်းစားအသိန်းပမာဏရှိ၏”ဟူ၍လည်း့ကောင်း ရေ၏ ပမာဏကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်မှာရှိသလော။ အရှင်မ မရှိပါ။ အဘယ်ကြောင့်နည်းဆိုလျှင် မဟာသမုဒ္ဒရာသည် နက်လှပါ၏၊ မနှိုင်းရှည့်နိုင်ပါ၊ သက်ဝင်ရန် ခဲယဉ်းပါ၏။
မင်းမြတ် ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည်ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ရုပ်ဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။
ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားသို့လည်း မရောက်။
သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝေဒနာကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝေဒနာဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော စကားသို့လည်း မရောက်။
သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော သညာ။ပ။ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသောသင်္ခါရတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် သင်္ခါရဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူသော ဤစကားသို့လည်း မရောက်။
သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝိညာဏ်ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝိညာဏ်ဟူသော ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသောမြတ်စွာ ဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့်”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားသို့လည်း မရောက်ဟု့မိန့်၏။ ထို့နောက် ပသေနဒီကောသလမင်းသည် ရဟန်းမ ခေမာ၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ ရှိခိုး ပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။
ထို့နောက် ပသေနဒီကောသလမင်းသည် အခါတစ်ပါး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကာ “အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ပါသလော”ဟုလျှောက်၏၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို ငါ မဟော။ အသျှင်ဘုရား သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော၊ မင်းမြတ် “သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ် “ဟူသော စကားကိုလည်း ငါ မဟော။ အသျှင်ဘုရား သတ္တဝါသည်သေသည် မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟော။ အသျှင်ဘုရားသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်ပါသလော၊ မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူသော ဤ စကားကိုလည်း ငါ မဟော။ အသျှင်ဘုရား သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို ငါ မဟောဟု ဆို၏။ အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။ အသျှင် ဘုရား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။
အသျှင်ဘုရား သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်သလောဟု ဤသို့ မေးလျှင် မင်းမြတ် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်” ဟူသော ဤစကားကိုလည်း ငါ မဟောဟု ဆို၏။ အသျှင် ဘုရား ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
မင်းမြတ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်းဖြေလော့။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဂင်္ဂါမြစ်၌ “သဲများ ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲရာပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း၊ “သဲထောင်ပေါင်း ဤမျှလောက်ရှိ၏”ဟူ၍လည်းကောင်း၊ “သဲသိန်းပေါင်း ဤမျှလောက် ရှိ၏”ဟူ၍လည်းကောင်း သဲများကိုရေတွက်ခြင်းငှါ စွမ်းနိုင်သော တစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်း ကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်အား ရှိသလော။ အသျှင်ဘုရား မရှိပါ။ မဟာ သမုဒ္ဒရာ၌ “ရေတို့သည် ဤမျှလောက်ကွန်းစားပမာဏရှိ၏ “ဟူ၍လည်းကောင်း။ပ။ “ရေတို့သည် ဤမျှ လောက်ကွန်းစားအသိန်းပမာဏရှိ၏” ဟူ၍လည်းကောင်း ရေ၏ ပမာဏကို ရေတွက်ခြင်းငှါ စွမ်းနိုင်သောတစ်ဦးတစ်ယောက်သော ဂဏန်းသမားသည်လည်းကောင်း၊ လက်ချိုးရေသမားသည်လည်းကောင်း၊ အပေါင်းလိုက်ရေသမားသည်လည်းကောင်း သင့်အား ရှိသလော။ အသျှင်ဘုရား မရှိပါ။ အဘယ်ကြောင့်ပါနည်းဆိုလျှင် မဟာသမုဒ္ဒရာသည် နက်လှပါ၏၊ မနှိုင်းရှည့်နိုင်ပါ၊ သက်ဝင်ရန် ခဲယဉ်းပါ၏။
မင်းမြတ် ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည်ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ရုပ်ဟု ခေါ်ဝေါ်ခြင်းမှ လွတ်တော်မူ့သော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏။ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထို့ကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော စကားသို့ မရောက်။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်။
ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ပ။ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝိညာဏ်ကိုမြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ နောက်ထပ် မဖြစ်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မင်းမြတ် ဝိညာဏ်ဟုခေါ်ဝေါ်ခြင်းမှ လွတ်တော်မူသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်၏၊ မနှိုင်းရှည့်နိုင်၊ သက်ဝင်ရန် ခဲယဉ်း၏။ ထိုကြောင့် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော စကားသို့လည်းမရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော စကားသို့လည်း မရောက်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော စကားသို့လည်းမရောက်ဟု မိန့်တော်မူ၏။
အသျှင်ဘုရား အံ့ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ မြတ်စွာဘုရားနှင့် တပည့်မ၏တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ပါ။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် ရဟန်းမိန်းမ ခေမာထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မေးဖူးပါသည်၊ ထိုအရှင်မသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် မြတ်စွာဘုရား ဖြေကြားသကဲ့သို့ ဖြေကြားပါ၏။ အသျှင်ဘုရား အံသြဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။
မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ပါ။ မြတ်စွာဘုရား ယခု အကျွန်ုပ်တို့ သွားပါဦးအံ့၊ အကျွန်ုပ်တို့သည်ကိစ္စများပါကုန်၏၊ ပြုဖွယ်များပါကုန်၏ဟု လျှောက်၏၊ မင်းမြတ် ယခု သွားခြင်း၏ အခါကို သင်သိ၏ (သွားရန်မှာ သင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်၏)ဟု မိန့်တော်မူ၏။ ထို့နောက် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေ၏။
ပဌမသုတ်။