သံယုတ္တနိကာယ်—၄၅

၅—အပ္ပမာဒပေယျာလဝဂ်

၁—တထာဂတသုတ်

၁၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ အခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါ သညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ်မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ထို့အတူပင် ကုသိုလ်တရားဟူသမျှ တို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’ တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားလျှင် စု ဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားကိုထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ မမေ့လျော့သော ရဟန်းအားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိ သောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန့်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။