သံယုတ္တနိကာယ်—၄၅

၅—အပ္ပမာဒပေယျာလဝဂ်

၈—၁ဝ—စန္ဒိမာဒိသုတ်

၁၄၆—၁၄၈။ ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှတို့သည် လရောင်၏ တစ်ဆယ့်ခြောက် စိတ်တစ်စိတ်ကို မမှီကုန်၊ လရောင်ကို ထိုကြယ်ရောင်တို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူပင်။ပ။ ရဟန်းတို့ တန်ဆောင်မုန်းလအခါ၌ မိုးကောင်းကင်သည် တိမ်တိုက်ကင်းစင်၍ မြင့်လတ်သော် နေသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်တစ်ခုလုံးရှိ အမိုက်မှောင်ကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ်လှသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ ကာသိတိုင်းဖြစ် အထည်ကိုချည်ထည်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားလျှင် စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကိ်ု မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

[တထာဂတသုတ်၌ကဲ့သို့ ကြွင်းသော သုတ်ဟူသမျှကို ချဲ့အပ်၏]။

ငါးခုမြောက် အပ္ပမာဒဝဂ် ပြီး၏။