သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၁၂—နဒီသုတ်
၁၆ဝ။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်း၏၊ ထိုအခါ များစွာသော လူအပေါင်းသည် ပေါက်တူးခြင်းတောင်းကို ယူလျက် ငါတို့သည် ဤဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်အံ့ဟု လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်နိုင်ရာသလောဟု မေးတော်မူ၏။ အသျှင်ဘုရား မပြုလုပ်နိုင်ရာပါ။ အကြောင်းမူကား ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းပါ၏၊ ထိုဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်ရန် မလွယ်ကူပါ၊ ထိုလူအပေါင်းသည် အလွန်ပင်ပန်းဆင်းရဲခြင်း၏ အဖို့ရှိသည်သာ ဖြစ်ရာ၏။
ရဟန်းတို့ ဤအတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို မင်းတို့သည်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့သည်လည်းကောင်း၊ မိတ်ဆွေတို့သည်လည်းကောင်း၊ ခင်ပွန်းတို့သည်လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည်လည်းကောင်း “အမောင်ယောကျာ်း လာလော့၊ ဤဖန်ရည်ဆိုးထားသောသင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းတို့သည် ပူလောင်ကုန်၏၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်ငြားအံ့။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် အကျင့်သိက္ခာကို စွန့်ပစ်၍လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြောင်းမူကား ရဟန်းတို့ စိတ်သည် ရှည်စွာသောကာလ ပတ်လုံး ဆိတ်ငြိမ်ခြင်း၌ ညွတ်ကိုင်းရှိုင်းသောကြောင့် ထိုပုဂ္ဂိုလ်သည် စင်စစ်လူထွက်လိမ့်မည်ဟူသောအကြောင်း မရှိတော့ပေ။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
ခြောက်ခုမြောက် ဗလကရဏီယဝဂ် ပြီး၏။