သံယုတ္တနိကာယ်—၄၅
၃—မိစ္ဆတ္တဝဂ်
၁—မိစ္ဆတ္တသုတ်
၂၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မကောင်းသော သဘောကိုလည်းကောင်း၊ ကောင်း သောသဘောကိုလည်းကောင်း ဟောပေအံ့။ ရဟန်းတို့ မကောင်းသော သဘောဟူသည် အဘယ်နည်း၊ မကောင်းသော သဘောတို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ တို့တည်း။ ရဟန်းတို့ ဤသည် ကို မကောင်းသောသဘောဟု ဆိုအပ်၏။
ရဟန်းတို့ ကောင်းသော သဘောဟူသည် အဘယ်နည်း၊ ကောင်းသော သဘောတို့ကား မှန်ကန် သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကိုကောင်းသော သဘောဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။