သံယုတ္တနိကာယ်—၄၅
၃—မိစ္ဆတ္တဝဂ်
၄—ဒုတိယ ပဋိပဒါသုတ်
၂၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှားသောအကျင့် ကိုငါဘုရား မချီးမွမ်း။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မကောင်းသဖြင့် ကျင့်သည်ရှိသော် မကောင်းသဖြင့် ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရား ကို မပြီးစေနိုင်။ ရဟန်းတို့ မှားသောအကျင့်ဟူသည် အဘယ်နည်း၊ မှားသောအကျင့်ကား မှားယွင်း သောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကို မှားသောအကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှားသောအကျင့်ကို ငါဘုရား မချီးမွမ်း။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မကောင်းသဖြင့် ကျင့်သည်ရှိသော် မကောင်းသဖြင့် ပြုကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို မပြီးစေနိုင်။
ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းစွာ ကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏။ ရဟန်းတို့မှန်သောအကျင့်ဟူသည် အဘယ်နည်း၊ မှန်သောအကျင့်ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကို မှန်သောအကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းစွာ ကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။