သံယုတ္တနိကာယ်—၄၅
၁—အဝိဇ္ဇာဝဂ်
၇—ဒုတိယ အညတရဘိက္ခုသုတ်
၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား “စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ရာ တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ရာ”ဟု ဆိုအပ်ပါ၏၊ “စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ’ကိုပယ်ဖျောက်ရာ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ရာ”ဟူသောအမည်သည် အဘယ်တရား၏ အမည်ပါနည်းဟု (လျှောက်၏)။ ရဟန်း စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ရာတွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ရာဟူသော ဤအမည်သည် နိဗ္ဗာနဓာတ်၏ အမည်တည်း၊ ထို့ကြောင့်အာသဝတရားတို့၏ ကုန်ရာဟု ဆိုအပ်၏။
ဤသို့ မိန့်တော်မူလတ်သော် ထိုရဟန်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား “မသေရာ မသေရာ”ဟု ဆိုအပ်၏၊ မသေရာကား အဘယ်ပါနည်း၊ မသေရာသို့ ရောက်ကြောင်းလမ်းစဉ်ကား အဘယ်ပါနည်းဟု လျှောက်၏။ ရဟန်း စွဲမက်မှု ‘ရာဂ’ကုန်ရာအမျက်ထွက်မှု ‘ဒေါသ’ကုန်ရာ တွေဝေမှု ‘မောဟ’ကုန်ရာကို မသေရာဟု ဆိုအပ်၏၊ အင်္ဂါရှစ်ပါးရှိသာဤအရိယမဂ်ကိုပင်လျှင် မသေရာသို့ ရောက်ကြောင်းလမ်းစဉ်ဟု ဆိုအပ်၏။ ဤသည်တို့ကားအဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။