သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၉—သူကသုတ်

၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် (လှဲ၍) ထားသည့် သလေးစပါးမြီးကိုဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော် လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုလည်း ထွက်စေပေလိမ့်မည်ဟူသောအကြောင်းသည် မရှိပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့စပါးမြီးကို မကောင်းသဖြင့် (လှဲ၍) ထားအပ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည်မကောင်းသဖြင့် ထားအပ်သော (ကမ္မဿကတာပညာ) မကောင်းသဖြင့် ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့်မသိမှု ‘အဝိဇ္ဇာ’ကို ဧကန်ဖျက်ဆီးနိုင်ပေလိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ’ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသောအကြောင်းသည် မရှိပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) မကောင်းသဖြင့် ထားအပ် မကောင်းသဖြင့်ဖြစ်စေအပ်သော ကြောင့်ပေတည်း။

ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ (ထောင်၍) ထားအပ်သော သလေးစပါးမြီးကိုဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော် လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုလည်း ထွက်စေပေလိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စပါးမြီးကို ကောင်းစွာ့ (ထောင်၍) ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဧကန်ဖျက်ဆီးနိုင်ပေလိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ’ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) ကောင်းစွာ ထားအပ် ကောင်းစွာ ဖြစ်စေအပ်သောကြောင့်ပေတည်း။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို ဖျက်ဆီးနိုင်သနည်း၊ အသိဉာဏ် ‘ဝိဇ္ဇာ’ကိုဖြစ်စေနိုင်သနည်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ငြိမ်းခြင်း၌ မှီသော နိဗ္ဗာန်၌ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွါးများ၏။ပ။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ငြိမ်းခြင်း၌ မှီသော နိဗ္ဗာန်၌ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဖျက်ဆီးနိုင်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ကို ဖြစ်စေနိုင်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။