သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၁ဝ—နန္ဒိယသုတ်

၁ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ နန္ဒိယပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ အဘယ်မျှသော တရားတို့ကို ပွါးများအပ်ပါလျှင်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ပါလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ကုန်သည် နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်သည်နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်သည် ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

နန္ဒိယ ဤရှစ်ပါးသော တရားတို့ကို ပွားများလျှင် ကြိမ်ဖန်များစွာ ပြုလုပ်လျှင် နိဗ္ဗာန်သို့ ဧကန်ရောက်နိုင်ကုန်၏၊ နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ နန္ဒိယဤရှစ်ပါးသော တရားတို့ကို ပွားများလျှင် ကြိမ်ဖန်များစွာ ပြုလုပ်လျှင် နိဗ္ဗာန်သို့ ဧကန်ရောက်နိုင်ကုန်၏၊ နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်၏ဟု မိန့်တော်မူ၏။

ဤသို့ ဟောကြားတော်မူသော ် နန္ဒိယပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

ဒသမသုတ်။

ရှေးဦးစွာသောအဝိဇ္ဇာဝဂ် ပြီး၏။