သံယုတ္တနိကာယ်—၄၆

၂—ဂိလာနဝဂ်

၃—ဒုတိယ သူရိယူပမသုတ်

၁၉၄။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံခြင်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ရှေ့သွားဖြစ်၏၊ ပုဗ္ဗနိမိတ်ဖြစ်၏၊ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလတ္တံ့၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကိုပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။