သံယုတ္တနိကာယ်—၄၆
၂—ဂိလာနဝဂ်
၄—ပဌမ ဂိလာနသုတ်
၁၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရား့သည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူခဲ့၍ အသျှင်မဟာကဿပထံသို့ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် အသျှင်မဟာကဿပအား—
“ကဿပ သင့်အား ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါ၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွါး၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲ ဝေနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည်တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ် ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။
ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏၊ အဘယ်ခုနစ်ပါးတို့နည်း။ ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသောဉာဏ်ဖြင့် သိခြင်းငှါကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ပ။ ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်သောဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့်သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။
ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု ဟောတော်မူလတ်သော် မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏၊ မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏ဟု လျှောက်ထား၏။
မြတ်စွာဘုရားသည် ဤဗောဇ္ဈင်တရားကို ဟောတော်မူ၏၊ အသျှင်မဟာကဿပသည် မြတ်စွာဘုရားဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၏၊ ထိုအနာမှလည်း ထမြောက်၏၊ ထိုနှစ်သက်ခြင်းဖြင့်ပင် အနာကို ပယ်ဖျောက်နိုင်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။