သံယုတ္တနိကာယ်—၄၆
၁—ပဗ္ဗတဝဂ်
၆—ကုဏ္ဍလိယသုတ်
၁၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သောအဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကုဏ္ဍလိယပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
“အသျှင်ဂေါတမ အကျွန်ုပ်သည် အရံကို အမှီပြု၍ နေလေ့ရှိပါ၏၊ ပရိသတ်၌ ကျက်စားပါ၏၊ ဆွမ်းစားပြီးနောက် နံနက်စာ စားပြီးသောအကျွန်ုပ်အား ‘အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ်တစ်ခုမှ ဥယျာဉ်တစ်ခုသို့ လှည့်လည်သွားလာခြင်း၊ ထိုထိုဤ လှည့်လည်ခြင်း’ဟူသော ဤအကျင့် ရှိပါ၏၊ ထိုအကျွန်ုပ်သည် ထိုအရံဥယျာဉ်တို့၌ ဤသို့ ဝါဒတင်ခြင်းမျိုးမှ လွတ်မြောက်ခြင်းအကျိုးလည်းရှိသော သူတစ်ပါးတို့အပေါ်၌ ခြုတ်ခြယ်ခြင်းအကျိုးလည်းရှိသော စကားကို ပြောဆိုနေကုန်သောအချို့ သမဏဗြာဟ္မဏတို့ကိုတွေ့မြင်ရပါ၏၊ အသျှင်ဂေါတမသည်ကား အဘယ်အကျိုးရှိ၍ နေပါသနည်း”ဟု (လျှောက်၏)။
ကုဏ္ဍလိယ မြတ်စွာဘုရားသည် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးအာနိသင်ရှိ၍သာ နေ ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ့ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စုံစေနိုင်ပါကုန်၏။ (၁)
အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၂)
အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၃)
အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၄)
ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ သည် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်သနည်း။
ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် နှစ်သက်ဖွယ်အဆင်း ‘ရူပါရုံ’ကို မြင်သည်ရှိသော် မမက်မော၊ မရွှင်ပျ၊ စွဲမက်မှု ‘ရာဂ’ မဖြစ်။ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏၊ မျက်စိဖြင့် မနှစ်သက်ဖွယ် အဆင်း ‘ရူပါရုံ’ ကိုမြင်သည်ရှိသော် မျက်နှာမသာယာမှု မဖြစ်၊ (ကိလေသာ၏ အစွမ်းဖြင့်) တည်သော စိတ် မရှိ၊ ဆင်းရဲသော စိတ်မရှိ၊ ဖျက်ဆီးတတ်သော ‘ဒေါသ’စိတ် မရှိ၊ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။
ကုဏ္ဍလိယ နောက်တစ်မျိုးကား ရဟန်းသည် နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသည်ရှိသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသည်ရှိသော်။ပ။ စိတ်ဖြင့် နှစ်သက်ဖွယ်သော သဘော ‘ဓမ္မာရုံ’ ကို သိသည်ရှိသော် မမက်မော၊ မရွှင်ပျ၊ စွဲမက်မှု ‘ရာဂ’ မဖြစ်။ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။ စိတ်ဖြင့် မနှစ်သက်ဖွယ်သော သဘော ‘ဓမ္မာရုံ’ ကို သိသည်ရှိသော် မျက်နှာမသာမှု မဖြစ်၊ (ကိလေသာ၏ အစွမ်းဖြင့်) တည်သော စိတ်မရှိ၊ ဆင်းရဲသော စိတ် မရှိ၊ ဖျက်ဆီးတတ်သော ‘ဒေါသ’ စိတ် မရှိ၊ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။
ကုဏ္ဍလိယ ယင်းသို့သောအကြောင်းကြောင့်ပင် ရဟန်းအား မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သည်ရှိသော် နှစ်သက်ဖွယ် မနှစ်သက်ဖွယ်ဖြစ်သောအဆင်း ‘ရူပါရုံ’တို့၌ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသည်ရှိသော်။ပ။
နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသည်ရှိသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သည်ရှိသော်။ပ။
ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသည်ရှိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ကိုတွေ့ထိ သည်ရှိသော် နှစ်သက်ဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သဘောတရား ‘ဓမ္မာရုံ’ တို့၌နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။
ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ သည် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်၏။ (၁)
ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။
ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ ကို ပယ်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ပွါးများ၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ ကို ပယ်၍ နှုတ်ဖြင့် ပြုအပ်သောကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ပွါးများ၏၊ စိတ်ဖြင့် ကြံအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’ ကို ပယ်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကိုပွါးများ၏။
ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၂)
ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါး တို့သည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။
ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ နှင့် ပြည့်စုံသည်ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’နှလုံးမသာမှု ‘ဒေါမနဿ’တို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အဖန်ဖန် ရှုလျက် နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ နှင့်ပြည့်စုံသည်ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’တို့ကို ပယ်ဖျောက်၍သဘောတရားတို့၌ သဘောတရားတို့ကို အဖန် ဖန် ရှုလျက် နေ၏။
ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါးတို့သည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၃)
ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည်အသိဉာဏ် ‘ဝိဇ္ဇာ’ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စုံစေနိုင်ကုန်သနည်း။
ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည်အသိဉာဏ် ‘ဝိဇ္ဇာ’ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စုံစေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)
ဤသို့ မိန့်တော်မူသည်ရှိသော် ကုဏ္ဍလိယပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဂေါတမ မှောက်ထားသောအိုးကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်း မှန်ကို့ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူ ပင်လျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါ”ဟု လျှောက်၏။
ဆဋ္ဌသုတ်။