သံယုတ္တနိကာယ်—၄၆
၈—နိရောဓဝဂ်
၁ဝ—နိရောဓသုတ်
၂၅၇။ ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏၊ ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ် အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏။
ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို အဘယ်သို့ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ့်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ကြီးစွာသောထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှစ်ခုမြောက် နိရောဓဝဂ် ပြီး၏။