သံယုတ္တနိကာယ်—၄၆
၉—ဂင်္ဂ ါပေယျာလဝဂ်
၁—၁၂—ဂင်္ဂ ါနဒီစသော ၁၂—သုတ်
၂၅၈—၂၆၉။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ထို့အတူပင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏၊ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်တိုင်အောင် ပါဠိကိုချဲ့အပ်၏]။
ကိုးခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။