သံယုတ္တနိကာယ်—၄၈
၁၃—ဂင်္ဂ ါပေယျာလဝဂ်
၁—၁၂—ပါစီန စသော ၁၂—သုတ်
၅၉၇—၆ဝ၈။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင်ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော သဒ္ဓိန္ဒြေကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော ပညိန္ဒြေကို ပွါးများ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
တစ်ဆယ့်သုံးခုမြောက် ဂင်္ဂါ ပေယျာလဝဂ် ပြီး၏။
[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။