သံယုတ္တနိကာယ်—၄၈

၁၇—သြဃဝဂ်

၁—၁ဝ—သြဃ စသော ၁ဝ—သုတ်

၆၄၁—၆၅ဝ။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကားဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော သဒ္ဓိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကို။ပ။ သတိန္ဒြေကို။ သမာဓိန္ဒြေကို။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ပညိန္ဒြေကို ပွါးများ၏။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

တစ်ဆယ့်ခုနစ်ခုမြောက် သြဃဝဂ် ပြီး၏။

လေးခုမြောက် ဣန္ဒြိယသံယုတ် ပြီး၏။