သံယုတ္တနိကာယ်—၄၉

၁—ဂင်္ဂ ါပေယျာလဝဂ်

၁—၁၂—ပါစီန စသော ၁၂—သုတ်

၆၅၁—၆၆၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ရဟန်းတို့သမ္မပ္ပဓာန်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက် တည်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို ပယ်ရန် အလို ‘ဆန္ဒ’ကိုဖြစ်စေ၏၊ အား ထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကိုချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန်တိုးတက်ဖြစ်ပွားစေရန် ပြန့် ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ သမ္မပ္ပဓာန်တို့သည်ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင် ရဟန်းသည်သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက် တည်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို ပယ်ရန် အလို ‘ဆန္ဒ’ကိုဖြစ်စေ၏၊ အား ထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကိုချီမြောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန်တိုးတက်ဖြစ်ပွါးစေရန် ပြန့် ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှေးဦးစွာသော ဂင်္ဂါပေယျာလဝဂ် ပြီး၏။

[သမ္မပ္ပဓာနသံယုတ်၏ ဂင်္ဂါပေယျာလကို သမ္မပ္ပဓာန်၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။