သံယုတ္တနိကာယ်—၄၈
၅—ဧရာဝဂ်
၇—တတိယ ပုဗ္ဗာရာမသုတ်
၅၁၇။ ထိုသာဝတ္ထိနိဒါန်းပင်တည်း။ ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုငါသိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တရားတော်တို့သည်မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။
ရဟန်းတို့ ဣန္ဒြေလေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ့ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်လေးပါးတို့နည်း၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့်တည်း။
ရဟန်းတို့ ဤဣန္ဒြေလေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကိုပြောကြား၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။