သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၆—ဒုတိယ ပုဗ္ဗာရာမသုတ်

၅၁၆။ ထိုသာဝတ္ထိနိဒါန်းပင်တည်း။ ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။

ရဟန်းတို့ ဣန္ဒြေနှစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသောရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်နှစ်ပါးတို့နည်း၊ အရိယာပညာကိုလည်းကောင်း၊ (ကိလေသာမှ) လွတ်မြောက်ကြောင်းဖြစ်သောအရိယာသမာဓိကိုလည်းကောင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။

ရဟန်းတို့ မှန်၏၊ ထိုရဟန်း၏ အရိယာပညာသည် ပညိန္ဒြေြဖစ်၏၊ ထိုရဟန်း၏ (ကိလေသာမှ) လွတ်မြောက်ကြောင်းဖြစ်သောအရိယာသမာဓိသည် သမာဓိန္ဒြေဖြစ်၏။ ရဟန်းတို့ ဤဣန္ဒြေနှစ်ပါးတို့ကိုပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။