သံယုတ္တနိကာယ်—၄၈
၆—သူကရခတဝဂ်
၂—မလ္လိကသုတ်
၅၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်းဥရုဝေလကပ္ပမည်သော မလ္လတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ အရိယာတပည့်အား အရိယာဉာဏ် မဖြစ်သေးသမျှကာလပတ်လုံးဣန္ဒြေလေးပါးတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး၊ ရဟန်းတို့ အရိယာတပည့်အားအရိယာဉာဏ်ဖြစ်သောအခါ ဣန္ဒြေလေးပါးတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်၏။
ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အထွတ်ကို မစိုက်ထူရသေးသမျှကာလပတ်လုံး အခြင်ရနယ် တို့၏ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး။ ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အထွတ်ကိုစိုက်ထူပြီးသောအခါ အခြင်ရနယ်တို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်သကဲ့သို့ ရဟန်းတို့ဤအတူပင် အရိယာတပည့်အား အရိယာဉာဏ် မဖြစ်သေးသမျှကာလပတ်လုံး ဣန္ဒြေတို့၏ ကောင်းစွာတည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး၊ ရဟန်းတို့ အရိယာတပည့်အား အရိယာဉာဏ်ဖြစ်သောအခါ ဣန္ဒြေတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်၏။
အဘယ်လေးပါးတို့နည်း။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေတို့တည်း။ ရဟန်းတို့ ပညာရှိသောအရိယာတပည့်အား ထိုပညာသို့ အစဉ်လိုက်သော ယုံကြည်မှု ‘သဒ္ဓါ’ သည် ကောင်းစွာ တည်၏၊ ထို ပညာသို့ အစဉ်လိုက်သောအားထုတ်မှု ‘ဝီရိယ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့အစဉ်လိုက်သော အောက်မေ့မှု ‘သတိ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သောတည်ကြည်မှု ‘သမာဓိ’သည် ကောင်းစွာ တည်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။