သံယုတ္တနိကာယ်—၄၈

၆—သူကရခတဝဂ်

၃—သေခသုတ်

၅၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီ ပြည်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌တည် ၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိရာ၏၊ ကျင့်ပြီး ‘အသေခရဟန္တာ’ရဟန်းသည်ကျင့်ပြီး ‘အသေခ’ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ပုဂ္ဂိုလ်”ဟု သိရာ၏။ ယင်းအကြောင်းပရိယာယ် သည် ရှိသလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ ရဟန်းတို့အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိရာ၏၊ ကျင့်ပြီး ‘အသေခရဟန္တာ’ ရဟန်းသည်ကျင့်ပြီး ‘အသေခ’ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်”ဟု သိရာ၏။ ယင်းအကြောင်းပရိယာယ်သည် ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်သည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာသိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ရဟန်းတို့ ဤသည်လည်းအကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်း သည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်း ပရိယာယ်ပင်တည်း။

ရဟန်း နောက်တစ်မျိုးကား “ဤသာသနာတော်မှ အပ၌ မြတ်စွာဘုရားနည်းတူ အဟုတ်အမှန်မဖောက်ပြန်သော တရားတော်ကို ဟောကြားသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှိသလော”ဟု ကျင့်ဆဲ ‘သေခ’ ရဟန်းသည် အဖန်ဖန်ဆင်ခြင် ၏၊ ထိုရဟန်းသည် ဤသာသနာတော်မှ အပ၌ မြတ်စွာဘုရားနည်းတူ အဟုတ်အမှန်မဖောက်ပြန်သော တရားတော်ကို ဟောကြားသော မြတ်စွာဘုရားမှ အခြား တစ်ပါးသောသမဏသည်လည်းကောင်း၊ ဗြာ ဟ္မဏသည်လည်းကောင်း မရှိ”ဟု ဤသို့ သိ၏။ ရဟန်းတို့ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေခ’ ရဟန်းသည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေငါးပါးတို့ကို သိ၏။ အလားအလာရှိကုန်သော လွန်မြတ်ကုန်သောအကျိုးရှိကုန်သော ပြီးဆုံးခြင်းရှိကုန်သော ဣန္ဒြေငါးပါးတို့ကို ကိုယ်ဖြင့် တွေ့ထိ၍ မနေနိုင်၊ ့ပညာဖြင့်ကား ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟုသိသောအကြောင်းပရိယာယ် ပင်တည်း။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ’ ဘုံ၌တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်သည်အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေငါးပါးတို့ကို သိ၏။ အလားအလာရှိကုန်သောလွန်မြတ်ကုန်သောအကျိုးရှိကုန်သော ပြီးဆုံးခြင်းရှိကုန်သော ဣန္ဒြေငါးပါးတို့ကို ကိုယ်ဖြင့်လည်း တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ပြီး ‘အသေခရဟန္တာ’ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ’ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ပြီး ‘အသေခရဟန္တာ’ပုဂ္ဂိုလ်သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိ န္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ မနိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေခြောက်ပါးတို့ကို သိ၏၊ ဤဣန္ဒြေခြောက်ပါးတို့သည် အချင်းခပ်သိမ်း အခါခပ်သိမ်း အကြွင်းမဲ့ ချုပ်ကုန်လတ္တံ့၊ အခြားသော ဣန္ဒြေခြောက်ပါးတို့သည်လည်း တစ်ခါတစ်ရံမျှ မဖြစ်ကုန်လတ္တံ့ဟု သိ၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ’ဘုံ၌ တည်၍ (ငါသည်) ကျင့်ပြီး ‘အသေခရဟန္တာ’ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။