သံယုတ္တနိကာယ်—၄၈

၆—သူကရခတဝဂ်

၈—သူကရခတသုတ်

၅၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ်ဂူ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏—“သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အဘယ်အကျိုးထူးကို ကောင်းစွာ မြင်၍ ဖြစ်သနည်း”ဟု (မိန့်တော်မူ၏)။ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသော ယောဂ၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်ပါ၏ဟု လျှောက်၏။ သာရိပုတြာ ကောင်းပေစွ၊ ကောင်း ပေစွ။ သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော်အတုမရှိသော ယောဂ ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။

သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား၏အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသောယောဂ ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။ ယင်းအတုမရှိသော ယောဂ၏ ကုန်ရာအရဟတ္တ ဖိုလ်ကား အဘယ်နည်း၊ အသျှင်ဘုရား ဤသာသနာတော်၌ အာသဝကုန်ပြီးသော ရဟန်းသည်နိဗ္ဗာန်သို့ ရောက်စေတတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကိုပွါးများ၏။ပ။ သတိန္ဒြေကို ပွါးများ၏။ပ။ သမာဓိန္ဒြေကို ပွါးများ၏။ပ။ နိဗ္ဗာန်သို့ ရောက်စေတတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော ပညိန္ဒြေကို ပွါးများ၏။ အသျှင်ဘုရား အာသဝကုန်ပြီးသောရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း မြတ်သော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသော ယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာမြင်၍ ဖြစ်ပါ၏၊ ယင်းအတု မရှိသော ယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကား ဤသည် ပင်တည်းဟုလျှောက်၏။ သာရိပုတြာ ကောင်း ပေစွ၊ ကောင်းပေစွ။ သာရိပုတြာ အာသဝကုန်ပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်သည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရားအဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသောယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။ ယင်းအတုမရှိသော ယောဂ ၏ကုန်ရာ (အရဟတ္တဖိုလ်) ကား ဤသည်ပင်တည်း။

သာရိပုတြာ လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှုဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်ခြင်းကား အဘယ်နည်း၊ အသျှင်ဘုရား ဤသာသနာတော်၌အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ အကျင့် ‘သိက္ခာ’ ၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ တည်ကြည်မှု ‘သမာဓိ’ ၌ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏။ အသျှင်ဘုရား လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်မှုကား ဤသည်ပင်တည်း။ သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ။ သာရိပုတြာ လွန်ကဲသော ရိုသေတုပ်ဝပ်မှုဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်ခြင်းကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။