သံယုတ္တနိကာယ်—၄၈

၆—သူကရခတဝဂ်

၇—သဟမ္ပတိဗြဟ္မသုတ်

၅၂၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားအဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်း နေတော်မူသော မြတ်စွာဘုရားအား ဤသို့သော စိတ်အကြံ ဖြစ်၏—“ဣန္ဒြေငါးပါးတို့ကိုပွါး များအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန် လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေကို ပွါး များအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဝီရိယိန္ဒြေကို။ပ။ သတိန္ဒြေကို။ပ။

သမာဓိန္ဒြေကို။ပ။ ပညိ န္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်၏၊ အမြိုက်နိဗ္ဗာန် လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန် များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာ ရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏”ဟု (အကြံ ဖြစ်၏)။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ အားရှိသောယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေး သကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ပြည်မှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့၌ထင်ရှားဖြစ်ပေါ်၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ အပေါ်ရုံကို စံပယ်တင်လျက်မြတ်စွာဘုရားရှိရာသို့ လက်အုပ် ချီ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤအကြံသည် ဤ အတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏။ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ် ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက် ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ပ။ ပညိန္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာ ရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန် သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန် လျှင် အဆုံးရှိကုန်၏။

အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် ကဿပမြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်ခဲ့ပါ၏၊ ထိုအခါ၌ အကျွန်ုပ်ကို “သဟကရဟန်း သဟကရဟန်း”ဟု ဤသို့ သိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤဣန္ဒြေငါးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ကာမတို့၌အလွန်လိုချင်မှု ‘ကာမစ္ဆန္ဒ’ကို ကင်းစေလျက် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ဗြဟ္မာ့ပြည်၌ ဖြစ်ပါ၏၊ ထိုဗြဟ္မာ့ပြည်၌လည်း အကျွန်ုပ်ကို “သဟမ္ပတိဗြဟ္မာ သဟမ္ပတိဗြဟ္မာ”ဟုဤသို့ သိကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏။ ဤဣန္ဒြေငါးပါး တို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိကုန်၏ဟု ဤအရာကို အကျွန်ုပ် သိပါ၏၊ ဤအရာကို အကျွန်ုပ် မြင်ပါ၏ဟု (လျှောက်၏)။

သတ္တမသုတ်။