သံယုတ္တနိကာယ်—၄၈
၇—ဗောဓိပက္ခိယဝဂ်
၁ဝ—စတုတ္ထ ရုက္ခသုတ်
၅၄ဝ။ ရဟန်းတို့ ဂဠုန်တို့၏ သစ်ပင်ဟူသမျှတို့ထက် အထွတ်ကဲ့သို့ တက်သော လက်ပံပင်ကိုမြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊
ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ သမာဓိန္ဒြေ။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါ့ဖြစ်၏။
ရဟန်းတို့ ဂဠုန်တို့၏ သစ်ပင်ဟူသမျှတို့ထက် အထွတ်ကဲ့သို့ တက်သော လက်ပံပင်ကို မြတ်၏ဟုဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟုဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ခုနစ်ခုမြောက် ဗောဓိပက္ခိယဝဂ် ပြီး၏။