သံယုတ္တနိကာယ်—၄၈
၈—ဂင်္ဂ ါပေယျာလဝဂ်
၁—၁၂—ပါစီန စသော ၁၂—သုတ်
၅၄၁—၅၅၂။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏၊ ဝီရိယိန္ဒြေကို။ပ။
သတိန္ဒြေကို။ သမာဓိန္ဒြေကို။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသောချုပ် ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညိန္ဒြေကို ပွါးများ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
ရှစ်ခုမြောက် ဂင်္ဂါ ပေယျာလဝဂ် ပြီး၏။
[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။