သံယုတ္တနိကာယ်—၅၁

၂—ပါသာဒကမ္ပနဝဂ်

၆—ပဌမ သမဏဗြာဟ္မဏသုတ်

၈၂၈။ ရဟန်းတို့ အတိတ်အခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့် တန်ခိုးအာနုဘော်ကြီးခဲ့ကြကုန်၏။ ရဟန်းတို့ အနာဂတ်အခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော ထိုသမဏဗြာဟ္မဏဟူသမျှအားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့် တန်ခိုးအာနုဘော် ကြီးကြကုန်လတ္တံ့။ ရဟန်းတို့ ယခုအခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့်တန်ခိုးအာနုဘော် ကြီးကြကုန်၏။

အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။

ရဟန်းတို့ အတိတ်အခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့ သည်ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပင် ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့် တန်ခိုးအာနု ဘော်ကြီးကြကုန်၏။ ရဟန်းတို့ အနာဂတ်အခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော သမဏဗြာဟ္မဏဟူသမျှအားလုံးတို့သည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပင် ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့်တန်ခိုးအာနုဘော် ကြီးကြကုန်လတ္တံ့။ ရဟန်းတို့ ပစ္စုပွန်အခါ၌ တန်ခိုးအာနုဘော်ကြီးကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပင် ပွါးများကြခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကြခြင်းကြောင့် တန်ခိုးအာနုဘော် ကြီးကြကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။