သံယုတ္တနိကာယ်—၅၁
၂—ပါသာဒကမ္ပနဝဂ်
၇—ဒုတိယ သမဏဗြာဟ္မဏသုတ်
၈၂၉။ ရဟန်းတို့ အတိတ်အခါက များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်နိုင်ခဲ့ကုန်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်နိုင်ခဲ့ကုန်၏၊ ကိုယ်ထင်ရှား ဖြစ်စေနိုင်ခဲ့ကုန်၏၊ ကိုယ်ကို ပျောက်ကွယ်စေနိုင်ခဲ့ကုန်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’့သွားလာနိုင်ခဲ့ကုန်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ‘ရေ၌ကဲ့သို့’ ပြုနိုင်ခဲ့ကုန်၏၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’ သွားလာနိုင်ခဲ့ကုန်၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသောငှက်ကဲ့သို့’ သွားလာနိုင်ခဲ့ကုန်၏၊ ဤသို့ ကြီးသော တန်ခိုးရှိကုန်သော ကြီးသောအာနုဘော်ရှိကုန်သောဤလနေတို့ ကိုလည်း လက်ဖြင့် သုံးသပ်နိုင်ခဲ့ကုန်၏၊ ဆုပ်ကိုင်နိုင်ခဲ့ကုန်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်းကိုယ်ကို မိမိ အလိုအတိုင်း ဖြစ်စေနိုင်ခဲ့ကုန်၏၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည်ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုးအာနုဘော်ကြီးခဲ့ကြကုန်ပြီ။
ရဟန်းတို့ အနာဂတ်အခါ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံလတ္တံ့ဖြစ်ကုန်သောသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်နိုင်ကုန်လတ္တံ့၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်ကုန်လတ္တံ့၊ ကိုယ်ထင်ရှား ဖြစ်စေနိုင်ကုန်လတ္တံ့၊ ကိုယ်ကို ပျောက်ကွယ်စေနိုင်ကုန်လတ္တံ့၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်ကို မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’ သွားလာနိုင်ကုန်လတ္တံ့၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ‘ရေ၌ကဲ့သို့’ပြုနိုင်ကုန်လတ္တံ့၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’ သွားလာနိုင်ကုန်လတ္တံ့၊ ကောင်းကင်၌လည်းထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသော ငှက်ကဲ့သို့’ သွားလာနိုင်ကုန်လတ္တံ့။ ဤသို့ ကြီးသောတန်ခိုးရှိကုန်သော ကြီးသောအာနုဘော်ရှိကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့်သုံးသပ်နိုင်ကုန်လတ္တံ့၊ ဆုပ်ကိုင်နိုင်ကုန်လတ္တံ့၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်းဖြစ်စေနိုင်ကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုး အာနုဘော် ကြီးကြကုန်လတ္တံ့။
ရဟန်းတို့ ပစ္စုပ္ပန်အခါ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်နိုင်ကုန်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်နိုင်ကုန်၏၊ ကိုယ်ထင်ရှား ဖြစ်စေနိုင်ကုန်၏၊ ကိုယ်ကို ပျောက်ကွယ်စေနိုင်ကုန်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’ သွားလာနိုင်ကုန်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ‘ရေ၌ကဲ့သို့’ ပြုနိုင်ကုန်၏၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’သွားလာနိုင်ကုန်၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသော ငှက်ကဲ့သို့’ သွားလာနိုင်ကုန်၏၊ ဤသို့ ကြီးသော တန်ခိုးရှိကုန်သော ကြီးသောအာနုဘော်ရှိကုန်သော ဤလနေတို့ကိုလည်းလက်ဖြင့် သုံးသပ်နိုင်ကုန်၏၊ ဆုပ်ကိုင်နိုင်ကုန်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်းဖြစ်စေနိုင်ကုန်၏၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုးအာနုဘော် ကြီးကြကုန်၏။
အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကိုမှီ၍ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွါးများ၏။ ရဟန်းတို့ အတိတ်အခါ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်ခဲ့ကုန်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်ခဲ့ကုန်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကိုမိမိအလိုအတိုင်း ဖြစ်စေနိုင်ခဲ့ကုန်၏၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုးအာနုဘော် ကြီးခဲ့ကြကုန်ပြီ။
ရဟန်းတို့ အနာဂတ်အခါ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်ကုန်လတ္တံ့၊ အများ့ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်ကုန်လတ္တံ့။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်ကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုးအာနုဘော် ကြီးကြကုန်လတ္တံ့။
ရဟန်းတို့ ပစ္စုပ္ပန်အခါ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံကုန်သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်ကုန်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်ကုန်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်ကုန်၏၊ ထိုသမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤသို့ တန်ခိုးအာနုဘော် ကြီးကြကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။