သံယုတ္တနိကာယ်—၅၁
၃—အယောဂုဠဝဂ်
၁—မဂ္ဂသုတ်
၈၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ (သစ္စာလေးပါးကို မသိမီ) ဘုရား မဖြစ်သေး၍ ဘုရားလောင်းသာဖြစ်သော ငါ့အား “ဣဒ္ဓိပါဒ်ကို ပွါးများရန် လမ်းသည် အဘယ်နည်း၊ ကျင့်စဉ်သည် အဘယ်နည်း”ဟုအကြံ ဖြစ်ခဲ့ဖူး၏။ ရဟန်းတို့ ထိုငါ့အား ဤအကြံ ဖြစ်၏— ဤသာသနာတော်၌ ရဟန်းသည်အလို ‘ဆန္ဒ’ ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများ၏။ ဤသို့ ပွါး များသည်ရှိသော် ငါ၏ အလို ‘ဆန္ဒ’သည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်းမတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေ့အဖို့၌ကဲ့သို့နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေ့အဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့အထက်အဖို့၌လည်းကောင်း၊ အထက် အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေ့အဖို့နောက်အဖို့တို့၌အမှတ်သညာရှိလျက် နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့်အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ပညာသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်းမကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေ့အဖို့၌ လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌ လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေ့ အဖို့နောက်အဖို့တို့၌ အမှတ်သညာ ရှိလျက် နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ ရဟန်းသည် ဤသို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် များပြားသော တန်ခိုးဖန်ဆင်းခြင်းနှင့် ပြည့်စုံ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။
ရဟန်းတို့ ရဟန်းသည် ဤသို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အာသဝကုန်ခြင်းကြောင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရ ဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (ဤသို့ အကြံ ဖြစ်၏ဟုမိန့်တော်မူ၏)။
ပဌမသုတ်။
[အဘိညာဉ် ခြောက်ပါးတို့ကို ချဲ့အပ်ကုန်၏]။