သံယုတ္တနိကာယ်—၅၁
၂—ပါသာဒကမ္ပနဝဂ်
၁ဝ—ဝိဘင်္ဂသုတ်
၈၃၂။ ရဟန်းတို့ ဤဣဒ္ဓိပါဒ် လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်အကျိုးကြီးကုန်၏၊ အာနိသင်ကြီးကုန်၏။ ရဟန်းတို့ အဘယ်သို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများ အပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အကျိုးကြီးကုန်သနည်း၊ အာနိသင်ကြီးကုန်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ အလို ‘ဆန္ဒ’သည် အလွန်လည်းမတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာရှိလျက် နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ ပညာ သည်အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာရှိလျက် နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသောစိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ အလွန်တွန့်ဆုတ်သောအလို ‘ဆန္ဒ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျင်းရိခြင်းနှင့်တကွဖြစ်သော ပျင်းရိခြင်းနှင့် ယှဉ်သောအလို ‘ဆန္ဒ’ကို အလွန်တွန့်ဆုတ်သောအလို ‘ဆန္ဒ’ဟု ဆိုအပ်၏။
ရဟန်းတို့ အလွန်တက်ကြွသောအလို ‘ဆန္ဒ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့်တကွဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် ယှဉ်သောအလို ‘ဆန္ဒ’ကို အလွန်တက်ကြွသောအလို ‘ဆန္ဒ’ဟု ဆိုအပ်၏။
ရဟန်းတို့ အတွင်း၌ ကျုံ့သောအလို ‘ဆန္ဒ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် ယှဉ်သောအလို ‘ဆန္ဒ’ကို အတွင်း၌ ကျုံ့သောအလို ‘ဆန္ဒ’ဟု ဆိုအပ်၏။
ရဟန်းတို့ အပ၌ ပျံ့လွင့်သောအလို ‘ဆန္ဒ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ အပ၌ ကာမဂုဏ်ငါးပါးတို့ကို အကြောင်းပြု၍ ပျံ့လွင့်ကျယ်ပြန့်သောအလို ‘ဆန္ဒ’ကို အပ၌ ပျံ့လွင့်သောအလို ‘ဆန္ဒ’ဟုဆိုအပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း ရှေ့အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှေ့အဖို့နောက်အဖို့တို့၌ ဖြစ်သောအမှတ်သညာကိုကောင်းစွာ သင်ယူ၏၊ ကောင်းစွာ နှလုံးသွင်း၏၊ ကောင်းစွာ ဆောင်၏၊ ပညာဖြင့် ထိုးထွင်း၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ရှေးအဖို့၌လည်းကောင်း ရှေ့အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိလျက် နေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း အမှတ်သညာရှိသည် ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခြေဖဝါးမှ အထက် ဆံပင်ဖျားမှ အောက် အရေပါးအဆုံးရှိသောအမျိုးမျိုးသောအညစ်အကြေးတို့ဖြင့် ပြည့်သော ဤကိုယ်ကိုပင် “ဤကိုယ်၌ ဆံပင် မွေးညင်း ခြေသည်းလက်သည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်းအဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည်ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်သည် ရှိ၏”ဟု ရှုဆင်ခြင်၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း အမှတ် သညာရှိသည် ဖြစ်၍ နေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ ကဲ့သို့နေ့အဖို့၌လည်းကောင်း အမှတ်သညာရှိသည် ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခြင်းအရာ အသွင်သဏ္ဌာန် အကြောင်း ‘နိမိတ်’တို့ဖြင့် နေ့အခါ၌ အလို ‘ဆန္ဒ’ကိုမှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ထိုရဟန်းသည်ထိုအခြင်းအရာ အသွင်သဏ္ဌာန် အကြောင်း ‘နိမိတ်’တို့ဖြင့်ပင် ညဉ့်အခါ၌ အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သောသမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများ၏။ အကြင်အခြင်းအရာ အသွင်သဏ္ဌာန်အကြောင်း ‘နိမိတ်’ တို့ ဖြင့် ညဉ့်အခါ၌ အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ ၏၊ ထိုရဟန်းသည် ထိုအခြင်းအရာ အသွင်သဏ္ဌာန်အကြောင်း ‘နိမိတ်’တို့ဖြင့်ပင် နေ့အခါ၌ အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နေ့အဖို့၌ကဲ့သို့ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း အမှတ်သညာရှိသည် ဖြစ်၍ နေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလင်းရောင်ဟု မှတ်မှု ‘အာလောကသညာ’ ကို ကောင်းစွာ ယူ၏၊ နေ့ဟူသောအမှတ်ကို ကောင်းစွာ ဆောက်တည်ထား၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ အလွန်တွန့်ဆုတ်သောအားထုတ်မှု ‘ဝီရိယ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျင်းရိ ခြင်းနှင့်တကွဖြစ်သော ပျင်းရိခြင်းနှင့် ယှဉ်သောအားထုတ်မှု ‘ဝီရိယ’ကို အလွန်တွန့်ဆုတ်သောအားထုတ်မှု ‘ဝီရိယ’ဟု ဆိုအပ်၏။
ရဟန်းတို့ အလွန်တက်ကြွသောအားထုတ်မှု ‘ဝီရိယ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် ယှဉ်သောအားထုတ်မှု ‘ဝီရိယ’ကို အလွန်တက်ကြွသောအား ထုတ်မှု ‘ဝီရိယ’ဟု ဆိုအပ်၏။
ရဟန်းတို့ အတွင်း၌ ကျုံ့သောအားထုတ်မှု ‘ဝီရိယ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ လေးလံ့ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် တကွဖြစ်သော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် ယှဉ်သောအားထုတ်မှု ‘ဝီရိယ’ကိုအတွင်း၌ ကျုံ့သောအားထုတ်မှု ‘ဝီရိယ’ဟု ဆိုအပ်၏။
ရဟန်းတို့ အပ၌ ပျံ့လွင့်သောအားထုတ်မှု ‘ဝီရိယ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ အပ၌ကာမဂုဏ်ငါးပါးတို့ကို အကြောင်းပြု၍ ပျံ့လွင့်ကျယ်ပြန့်သောအားထုတ်မှု ‘ဝီရိယ’ ကို အပ၌ ပျံ့လွင့်သောအားထုတ်မှု ‘ဝီရိယ’ဟု ဆိုအပ်၏။ပ။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလင်းရောင်ဟု မှတ်မှု ‘အာလောကသညာ’ ကို ကောင်းစွာ ယူ၏၊ နေ့ဟူသောအမှတ်ကို ကောင်းစွာ ဆောက်တည်ထား၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့်အရောင် အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ အလွန်တွန့်ဆုတ်သော စိတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျင်းရိခြင်းနှင့် တကွဖြစ်သော ပျင်းရိခြင်းနှင့် ယှဉ်သော စိတ်ကို အလွန်တွန့်ဆုတ်သော စိတ်ဟု ဆိုအပ်၏။
ရဟန်းတို့ အလွန်တက်ကြွသော စိတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် တကွဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် ယှဉ်သော စိတ်ကို အလွန်တက်ကြွသော စိတ်ဟု ဆိုအပ်၏။
ရဟန်းတို့ အတွင်း၌ ကျုံ့သော စိတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ နှင့် တကွဖြစ်သော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် ယှဉ်သော စိတ်ကို အတွင်း၌ ကျုံ့သော စိတ်ဟုဆိုအပ်၏။
ရဟန်းတို့ အပ၌ ပျံ့လွင့်သော စိတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ အပ၌ ကာမဂုဏ်ငါးပါး တို့ကိုအကြောင်းပြု၍ ပျံ့လွင့်ကျယ်ပြန့်သော စိတ်ကို အပ၌ ပျံ့လွင့်သော စိတ်ဟု ဆိုအပ်၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ အလွန်တွန့်ဆုတ်သော ပညာဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျင်းရိခြင်းနှင့် တကွဖြစ်သော ပျင်းရိခြင်းနှင့် ယှဉ်သော ပညာကို အလွန်တွန့်ဆုတ်သော ပညာဟု ဆိုအပ်၏။
ရဟန်းတို့ အလွန်တက်ကြွသော ပညာဟူသည် အဘယ်နည်း။ ရဟန်းတို့ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် တကွဖြစ်သော ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’နှင့် ယှဉ်သော ပညာကို အလွန်တက်ကြွသော ပညာဟု ဆိုအပ်၏။
ရဟန်းတို့ အတွင်း၌ ကျုံ့သော ပညာဟူသည် အဘယ်နည်း။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် တကွဖြစ်သော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် ယှဉ်သော ပညာကို အတွင်း၌ ကျုံ့သော ပညာဟုဆိုအပ်၏။
ရဟန်းတို့ အပ၌ ပျံ့လွင့်သော ပညာဟူသည် အဘယ်နည်း။ ရဟန်းတို့ အပ၌ ကာမဂုဏ်ငါးပါး တို့ကိုအကြောင်းပြု၍ ပျံ့လွင့်ကျယ်ပြန့်သော ပညာကို အပ၌ ပျံ့လွင့်သော ပညာဟု ဆိုအပ်၏။ပ။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မြှေးယှက်ခြင်း မရှိဘဲ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အကျိုးကြီးကုန်၏၊ အာနိသင်ကြီးကုန်၏။
ရဟန်းတို့ ရဟန်းသည် ဤသို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်းအများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။
ရဟန်းတို့ ရဟန်းသည် ဤသို့လျှင် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ့်အပ်ကုန်သည်ရှိသော် အာသဝကုန်သဖြင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် ပါသာဒကမ္ပနဝဂ် ပြီး၏။