သံယုတ္တနိကာယ်—၅၁
၃—အယောဂုဠဝဂ်
၅—ပဌမ ဖလသုတ်
၈၃၇။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံ သော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်း တို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့ပင်တည်း။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ရဟန်းသည်ယခုဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ (ဥပါဒါန်) အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်အဖြစ်သို့ ရောက်နိုင်ခြင်း ဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။