သံယုတ္တနိကာယ်—၅၁
၃—အယောဂုဠဝဂ်
၆—ဒုတိယ ဖလသုတ်
၈၃၈။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့်ပြည့်စုံ သော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ ပညာ ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွါးများ၏။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ အကျိုး အာနိသင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း— ၁။ မျက်မှောက်ဘဝ စောစောကပင်လျှင် အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။
၂။ မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌ အရဟတ္တဖိုလ် ကိုပြီးစေနိုင်၏။
၃။ အကယ်၍ မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အသက်တမ်း၏အလယ် ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။
၄။ အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောဥပဟစ္စပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။
၅။ ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။
၆။ ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။
၇။ အထက်ဘုံသို့ အစဉ်အတိုင်း တက်၍ အကနိဋ္ဌဘုံသို့ ရောက်လျက် ပရိနိဗ္ဗာန်ပြုရသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီမည်သောအနာဂါမ်ဖြစ်နိုင်၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤခုနစ်ပါး သောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။